Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Saturday 1 September 2012

အကဲဆတ်ခြင်း (၀ါ) စိတ်ကောက်လွယ်ခြင်း


အကဲဆတ်သည်ဆိုလျှင် စိတ်ကောက်လွယ်သည်ဟု အားလုံးသိကြသည်။ စိတ်ကောက်သည်ဆိုခြင်းထက် စိတ်ထိခိုက်လွယ်သည်ဟု ဆိုလျှင် ပိုမှန်ပါသည်။ သာမာန်အပြောအဆို တစ်ခုခုကိုပင် အဓိပ္ပာယ်ကောက်ပြီးလျှင် စိတ်ထိခုက်သွားတတ်သည်။
ထစ်ခနဲဆို စိတ်ဆိုးသွားသော သူတို့သည် လူ့အပေါင်းအသင်းတွေထဲမှာအတော်ကလေးများသည်။ အကဲဆတ်သူတို့သည် ပေါင်းရခတ်သည်။ လူအမျိုးမျိုးနှင့် ဆက်ဆံရသောသူတို့သည် အကဲဆတ်သူတို့နှင့် ဆက်ဆံရသည့်အခါ အပြောအဆိုဆင်ခြင်ရပေသည်။ စကားလုံးအမှား မဖြစ်သင့်ပေ။ မိမိက အပြစ်တင်လိုပြီး ဆိုလိုက်ခြင်း မဟုတ်စေကာမူ အကဲဆတ်သူက အဓိပ္ပာယ် အကောက်မှားပြီးလျှင် မိမိအပေါ် စိတ်ကွက်တတ်သည်။ အကဲဆတ်သည့်သူ
များသည် အပြောအဆိုလုံးဝမခံ ရင်းနှီးသောသဘောဖြင့်ပြောင်ပြက်သော စကားကိုမျှ ပြောရင်မရ။ အဓိပ္ပာယ်ကောက်ချင်သလိုကောက်ပြီးလျှင် အရေမရာပြန်ပြောတတ်သည်။ စိတ်ဆိုးသည့်အမူအရာကိုပြသည်။ အရွဲ့တိုက်သည်။ အလွန်ကလေးဆန်သည်။
အကဲဆတ်သူတို့သည် ငယ်စဉ်က “ကလေးဆိုး” များဖြစ်သည်။ မိဘ၏ အလိုလိုက်မှုကို ခံယူရသည့်အလျောက် မိဘအပေါ်မှာ ဆိုးနေကြသည်။ ထိုသူတို့သည် သူတို့၏ လိုအင်ကိုသာသိသည်။ ငယ်စဉ်ကလိုရာကိုရသည်။ အပြစ်အဆို မခံရ။ တစ်လုံးစ နှစ်လုံးစ အပြစ်တင် စကားကို ကြားလိုက်ရလျှင် ငိုသည်။ စိတ်ကောက်ပြီးဆန္ဒပြသည်။ ပုထုဇဉ်လူသားတို့တွင် ဖြစ်လာသော စိတ်ရောဂါများစွာတို့ သည် အတ္တတွင်အစချီပြီး မြစ်ဖျားခံကြသည်။ အကဲဆတ်သူတို့သည် အတ္တစိတ္တဇ ဝေဒနာရှင်များဖြစ်ချေသည်။
ငယ်စဉ်က အလိုလိုက်ကြသဖြင့် ကြီးခါမှ လူအများနှင့် မသင့်မတင့်ဖြစ်ကာ အများ၏မလိုလားမှု၊ မုန်းတီးမှုကိုခံယူကြရသည်။ ငယ်ငယ်ရွယ်ရွယ် မလိမ္မာသေးသည့် အချိန်ကာလကို အလိုလိုက်တန်သလောက်သာလိုက်သင့်သည်။ အရမ်းအလိုလိုက်မိလျှင် မိဘ၏ မလိမ္မာမှုကြောင့် ကလေးပျက်စီးရသည်။
အကဲဆတ်သည် ဟူသော မြန်မာဝေါဟာရတွင် အထိမခံဟူသော အဓိပ္ပာယ်ပါရှိရုံမျှသာမက၊ ထိလျှင် ဆတ်ဆတ်ခါနာသည်ဟူ သော အဓိပ္ပာယ်လည်းပါရှိသည်။ ဆတ်ဆက်ခါနာသော်လည်း အကြမ်းပတမ်းမပြုဘဲ၊ နာကြည်းမှု ကြီးစွာဖြင့် ပြတ်ပြတ်တောင်းတောင်းလုပ် တတ်သူလည်း ရှိလေသည်။
မည်သို့သော သဘောထားဖြင့် မိမိကို ဝေဖန်သည်၊ အပြစ်တင်သည်ဖြစ်စေ၊ မိမိက “အရေထူ”ဖို့လိုသည်။ ကောင်းသော စေတနာဖြင့် ဝေဖန်သည်ကို အလေးထားပြီး စဉ်းစားပြီးလျှင် ပြုပြင်နိုင်သမျှ ပြုပြင်ရမည်။ စေတနာဆိုးဖြင့် ကဲ့ရဲ့ချိုးနှိမ်သူ၏ စကားကို လေလိုသာ သဘောထား၊လေပုပ်လိုသဘောထား။ ထိုသို့မိမိဘက်မှ အဘောထားလိုက်လျှင် မိမိမှာဒေါသဖြစ်စရာအကြောင်းမရှိတော့။ ထိုသို့လေ့ကျင့်လျှင် မိမိရင်မှာ နာကြည်းသည်ဟူသော အဖြစ်မျိုး မပေါ်ပေါက်နိုင်တော့ပေ။
မိမိကိုယ်ကို မိမိ ယုံကြည်မှုသည်အလွန်ကောင်းသော လက်နက်ဖြစ်သည်။“ ငါမတရားမလုပ်၊ ငါကောင်းအောင်ကျင့်သည်။ ငါမှန်သော အလုပ်ကို မှန်ကန်သော စေတနာဖြင့် တာဝန်သိသိလုပ်သည်” ဟူသော မိမိကိုယ်ကို မိမိယုံကြည့်မှုကို ခိုင်ခံအောင် ကြိုးပမ်းလုပ်ဆောင်နိုင်ဖို့သာ လိုသည်။
ထစ်ခနဲဆို စိတ်တိုစိတ်ကောက်တတ်သူသည် သူတစ်ပါး၏ အမြင်တွင် အရူးအနှမ်းပင်ဖြစ်၏။ “အရေပါးသူ”ကိုသူကို လူမလေးစား။ အငြိုးကြီးသူကို လူကြောက်သည်။ ရွံရှာသည်။ ရှောင်နိုင်သမျှ ရှောင်သည်။
သူတစ်ပါးအကဲဆတ်လျှင် ထိုသူကို အရူအနှမ်းလို သဘောထားပြီး အလိုက်သင့် ဆက်ဆံပါ။ မိမိကိုယ်တိုင်ကတော့ အကဲဆတ်သူ မဖြစ်ပါစေနှင့်။
(တတ်တိုး)
 share from khine khine

No comments:

Post a Comment